ဟိုပုံး အောက်တိုဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ မွန်းလွဲ (၂) နာရီက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အဓိကရည်မှန်းချက် တာဝန် (၄) ရပ်ဖြစ်တဲ့ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ ဖြတ်သန်းခဲ့ရတဲ့ နှစ်ပေါင်း (၆၁) နှစ်မြောက်အတွင်း အတွေ့အကြုံတွေအပေါ်မှာ အခြေခံပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုအခြေအနေ၊ နိုင်ငံတကာရဲ့ တိုးတက်ပြောင်းလဲမှု အခြေအနေတွေနဲ့အညီ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက် သွားကြရန်လိုအပ်ပါကြောင်း၊ လက်ရှိအခြေအနေမှာမြန်မာနိုင်ငံအနေနဲ့ တိုးတက်လာတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာလှပရေး အပေါ်မှာလည်း အန္တရာယ်ပြုမည့်စိန်ခေါ်မှုအသစ်နဲ့ ကြုံတွေ့နေရတာကို တွေ့ရမှာဖြစ်ကြောင်း၊ ဒါတွေကတော့ အကြမ်းဖက်အဖွဲ့အစည်းအချို့ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ Cyber Crime များနဲ့ အဆင့်မြင့်ပြစ်မှုကျူးလွန်မှုများစသည့်တို့ပဲဖြစ်ပါကြောင်း၊ ဒီလိုစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်တွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတာဝန်များကို စွမ်းရည်ပြည့်ဝစွာဖြင့် စွမ်းစွမ်းတမံထူးချွန် ထက်မြက်စွာ ထမ်းဆောင်သွားဖို့ လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး သန်းဌေးအောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှုနှင့်မှုခင်းဖော်ထုတ်ဖမ်းဆီးမှု စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော မြို့နယ်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်တို့က မှုခင်းစွဲတင်ရာနှုန်းအများဆုံးရရှိသော မြို့နယ်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပေးပို့လာသည့် ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြပြီးနောက် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ခင်းကျင်းပြသထားသည့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးဆောင်ရွက်မှု၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှု၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆောင်ရွက်မှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်နေမှုမှတ်တမ်း ဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)