ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားများသို့ တက်‌‌ရောက်

မြစ်ကြီးနား အောက်တိုဘာ ၃

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သော (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်အတွင်း မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးထိပ်ပန်ဆင်ထားသော သစ္စာ၊ သမာဓိ၊ သတ္တိ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်သွားရမည် ဖြစ်ပါကြောင်း၊ ထိုသို့တာဝန်ထမ်းဆောင်ရာတွင်လည်း အမှန်တရားအတွက် စွန့်လွှတ်စွန့်စားစိတ်ဖြင့် သတ္တိရှိရှိရဲရင့်စွာ ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပြည်သူလူထု၏ လိုအပ်ချက်များကို ဥပဒေနှင့်အညီ အကူအညီပေးပြီး ပြည်သူပူးပေါင်းပါဝင်သည့် ရဲလုပ်ငန်းစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊ တပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ပေးသည့် တပ်ဖွဲ့ဝင်များဖြစ်စေရေး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်တည်ကြည်ပြီး အဂတိကင်းရှင်းစွာဆောင်ရွက်သွားကြရန်နှင့် အမိနိုင်ငံတော်နှင့် ပြည်သူအတွက် ပေးအပ်ထားသည့် တာဝန်များကို ဦးလည်မသုန် ထမ်းရွက်နိုင်သည့် တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် အစဉ်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေက (၆၁) နှစ်မြောက်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့လာသည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနှင့် ဇနီးတို့က စွမ်းရည်သတ္တိဆုရတပ်ဖွဲ့ဝင်များ၊ ပြည်နယ်အတွင်း မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်း တာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအား လည်းကောင်း၊ ပညာရည်ထူးချွန်ဆုရရှိသူများနှင့် နေအိမ်လိုင်းခန်းသန့်ရှင်းရေး အကောင်းအဆုံး ဆုရသူများအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူများနှင့်အတူ (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲဌာနချုပ်မှ ပေးပို့လာသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုကလစ်ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကချင်ပြည်နယ် ရဲတပ်ဖွဲ့၏ ပြည်နယ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄) ရပ်အပေါ် ဆောင်ရွက်ချက်များနှင့် ပြည်နယ်အတွင်း မှုခင်းကျဆင်းရေး၊ ရပ်/ရွာအေးချမ်းသာယာရေး ဆောင်ရွက်ချက်များအား ခင်းကျင်းပြထားသည့် ပြခန်းကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နံနက် ၈ နာရီက အံတော်ရှင် တောင်တန်းသာသနာပြုကျောင်းတိုက်အတွင်းရှိ တောင်တန်းသာသနာပြုဓမ္မဗိမ္မာန်တော်၌ “ဘဝချမ်းသာအခွင့်အရေးများရရှိရေး သက်ကြီးသူများ ဦးဆောင်ပါဝင်ပေး” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ပြီး ကချင်ပြည်နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဂါဝရပြုပူဇော်ကန်တော့ခဲ့ကြသည်။

အဆိုပါ ခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သက်ကြီးပုဂ္ဂိုလ်များသည် လေးစားထိုက်ဂုဏ်ပြုထိုက်သူများဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း သက်ကြီးဘိုးဘွားများ၏ ဘဝလုံခြုံမှုရှိစေရေးနှင့် သက်ကြီးရွယ်အိုများ၏ စွမ်းအားနှင့် အတွေ့အကြုံများကို အတုယူ၍ အခွင့်အလမ်းများကို ဖန်တီးဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်း စောင့်ရှောက်လျက်ရှိသော ဘိုးဘွားရိပ်သာများ ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ အခမ်းအနားတက်‌ရောက်လာကြသည့် ပူဇော်ကန်တော့ခံ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၇၀ ဦးတို့အတွက် ပြည်နယ်အစိုးရဖွဲ့မှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀၀ တန်ဖိုးရှိ လှူဒါန်းငွေအပါအဝင် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ စုစုပေါင်း လှူဒါန်းငွေကျပ် ၁၄၀၀၀၀၀၀ နှင့် ပြည်နယ်အတွင်းရှိ အသက် ၁၀၀ နှစ်နှင့်အထက် အဘိုး/ အဘွား ၂၅ ဦးတို့အတွက် အလှူငွေကိုလည်းကောင်း၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က ဘိုးဘွားများအတွက် အလှူငွေများကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုးတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာစကားနှင့် ဆုတောင်းမေတ္တာပို့သပေးခဲ့သည်။

ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ သီတင်းကျွတ်မီးထွန်းပွဲတော်၊ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်များ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ်ကျင်းပသည့် အခမ်းအနားများ ဖြစ်သည့်နည်းတူ၊ ရိုးရာဓလေ့ထုံးစံများနှင့်အညီ ခမ်းခမ်းနားနား သိုက်သိုက်ဝန်းဝန်းဖြင့် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး စနစ်တကျ စီစဉ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းတာဝန်များအပေါ် လိုအပ်ချက်များ၊ ကြိုတင်ချိတ်ဆက်ဆောင်ရွက်ထားရမည့် ကိစ္စရပ်များအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက အခမ်းအနားများ ကျင်းပပြုလုပ်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက သီတင်းကျွတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များ၊ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပရေးနှင့် တန်ဆောင်တိုင်ပွဲတော် မီးထွန်းပွဲတော်၊ ရှင်ဥပဂုတ္တမထေရ်မြတ် ရေမျှောပူဇော်ပွဲများ၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ဆိုင်ရာကိစ္စရပ်များ၊ စတုဒီသာကျွေးမွေးရေးအစီအစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပွဲတော်အလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ဆပ်ကော်မတီများအကြား လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ပြည်နယ်(ပြန်/ဆက်)