၂၀၂၅ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့” အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ရန်ကုန် အောက်တိုဘာ

၂၀၂၅ ခုနှစ်၊အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဌာဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေဿကြီး သက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ပြုခံ ဘိုးဘွားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဘိုးဘွားများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများက “သက်ကြီးပုဂ္ဂိုလ် ဂုဏ်ပြုတေး” သီချင်းဖြင့် ဖွင့်လှစ်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ် များနေ့ အထိမ်းအမှတ် အခမ်းအနားအား အဖွင့်ဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ ဘိုးဘွားများဖြစ်သည့် DCCA ယိမ်းအဖွဲ့က “အလှကမ္ဘာမြေ”  သီချင်းဖြင့် လည်းကောင်း၊ “One Less Day” သီချင်းအား Chair Based Exercise သရုပ်ပြသခြင်းဖြင့်လည်းကောင်း၊ “ခေါင်းကလေးညိမ့်လိုက်ပါ” သီချင်းဖြင့်လည်းကောင်း အသီးသီး ဖျော်ဖြေ တင်ဆက်ခဲ့သည်။

ယင်းနောက် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ “ခေတ် ၆ ခေတ်” အကဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊က၊ရေး၊ တီး၊ ပြိုင်ပွဲ တွင် အဆင့်မြင့်ပညာအဆင့် အမျိုးသားအကပြိုင်ပွဲ၌ ပထမဆုရရှိသော မောင်ဝေဖြိုး(မျိုးယဉ်နု တက္ကသိုလ်)၊ အခြေခံပညာအဆင့် (အသက် ၁၀-၁၅ နှစ်) အမျိုးသားအကပြိုင်ပွဲ၌ ပထမဆုရရှိသော မောင်ပိုင်ဇေအောင်နှင့် အမျိုးသမီးအကပြိုင်ပွဲ၌ ပထမဆုရရှိသော မနန်းကုဋေစံဦးတို့က အကများဖြင့်လည်းကောင်း ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်းတို့က ဂုဏ်ပြုခံဘိုးဘွားများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ဂုဏ်ပြုခံ ဘိုးဘွားများကိုယ်စား ဘိုးဘွားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)