ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်တွေ အောက်တိုဘာ ၃

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအား လွတ်လပ်၍ တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး အားလုံးပူးပေါင်းပါဝင်ပေးကြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ကြီးက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲအရာရှိ ဒေါက်တာကျော်ကိုလတ်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍  ရခိုင်ပြည်နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်လွင်တို့က ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေး‌ကောက်ပွဲအလွန်ကာကလများတွင် လုံခြုံရေးဆောင်ရွက်မည့်အစီအမံများနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ကြီးသည် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)