ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်း၌ စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ) အခမ်းအနား ကျင်းပ

ရန်ကုန် အောက်တိုဘာ ၃

မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ) အခမ်းအနားကို အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်းတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အမှူးပြုသော ပင့်သံဃာ (၁၈) ပါး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းများနှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားအား “နုမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဆရာတော် ဘဒ္ဒန္တကေလာသက ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ကာ ဆရာတော် ဘဒ္ဒန္တသောဘနက နတ်ဗြဟ္မာများကို ဖိတ်ကြားပြီးနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဒွိပဋကဓရ၊ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊  အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သ.စ.အစမ္မာစရိယ (ဝဋံသကာ)၊ ပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ဘဒ္ဒန္တ နာရဒါဘိဝံသ ဆရာတော်ထံမှ ပဌာန်းတရား ရွတ်ပွား စိတ်ထားနည်းနှင့် အကျိုးတရားများ နာကြားသည်။

ယင်းနောက် ဆရာတော်ဘဒ္ဒန္တဥတ္တမက ပဌာန်းတိုက်တွန်းလွှာရွတ်ဖတ်ပူဇော်ပြီး ဆရာတော်များနှင့် ပရိတ်သတ်အပေါင်းတို့က မဟာပဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို စုပေါင်းရွတ်ဆိုပူဇော်ကြကာ အလှည့်ကျ ပဌာနဘာဏက သံဃာတော်အရှင်သူမြတ်က ပဌာန်းပါဠိတော်ကို ဆက်လက်ရွတ်ဖတ်ပူဇော်ပြီး အဆိုပါ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ (၁) ရက်နေ့မှ အောက်တိုဘာလ (၅) ရက်နေ့အထိ ရွတ်ဖတ်ပူဇော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)