ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သဘင်ဆောင်တွင် ကျင်းပသည်။

ဦးစွာ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ဂုဏ်ပြုသည့် ရွှေရောင်လွှမ်းခြုံ တိုင်းရန်ကုန်တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့် အမှာစကား‌ ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဗဟိုသို့သွားရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား တင်ပြသည်။

ယင်းနောက်(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အဆိုပြိုင်ပွဲတွင် ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြပြီး အဆင့်မြင့်ပညာအဆင့် အဆိုပြိုင်ပွဲ မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ် ပထမဆုရရှိသည့် မချောချစ်ရတနာ (ရန်ကုန် တက္ကသိုလ်)က “မြညှင်းလေပြေ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။

၎င်းနောက် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အက ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြပြီး အခြေခံပညာအဆင့် အသက်(၁၅-၂၀)နှစ် အမျိုးသားအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် မောင်စောလင်းစံထွန်းက ကပြဖျော်ဖြေ တင်ဆက်သည်။

ဆက်လက်၍ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အရေး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြပြီး အခြေခံပညာအဆင့် အသက်(၁၅-၂၀)နှစ် အရေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မအိန္ဒြေမြင့်မိုရ်က ပြိုင်ပွဲဝင်တေးသီးချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ အတီးပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိ သူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြပြီး အခြေခံပညာအဆင့် အသက်(၁၅-၂၀)နှစ် အမျိုးသား တယောအတီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မောင်ထူးပြည့်စုံလွင်က ဖျော်ဖြေတင်ဆက်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် တာဝန်ရှိသူများထံ အောင်နိုင်ရေးအလံကိုပေးအပ်ခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့နှင့် အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ “အောင်စေပိုင်စေ” တေးသီးချင်းကို အဆင့်မြင့်ပညာအဆင့်အမျိုးသားဆိုင်းအဖွဲ့လိုက် အတီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အောင်ဆန်းဘို(ခ) အောင်ဘိုဘို(၂)အဖွဲ့နှင့်အတူ ပူးပေါင်းပါဝင် ဖျော်ဖြေတင်ဆင်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)