ရန်ကုန်တိုင်းဒေသကြီး (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

ရန်ကုန် အောက်တိုဘာ

၂၀၂၅ ခုနှစ်၊ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ပြည့်စုံလင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က ရဲချုပ်၏သဝဏ်လွှာအား ဖတ်ကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်နှင့် အမှတ်(၂) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် ကိုကိုလွင်တို့က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော မှုခင်းများအား အချိန်တိုအတွင်း စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်နိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် (၂၈) ဦး တို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ရဲချုပ်၏ အမှုထမ်းကောင်း လက်မှတ်ပေးအပ်ချီးမြှင့်ခြင်းနှင့် မှုခင်းကြိုတင်ကာကွယ်မှု အများဆုံး၊ ပြေး (၄) ပြေး အများဆုံးဖမ်းဆီးနိုင်ခဲ့သည့် ခရိုင်ရဲတပ်ဖွဲ့များအား ဂုဏ်ထူးဆောင်တံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ၂၀၂၄- ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု မှတ်တမ်း Video Clip အား ပြသသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်သော ဧည့်သည်တော်များမှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်မှုပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)