ရန်ကုန် အောက်တိုဘာ ၁
MSME ထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများရောင်းချမည့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပြင်ဆင်ဆောင်ရွက်နေမှုများကို စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများက ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဈေးရောင်းပွဲတော်တွင် ပါဝင်ရောင်းချမည့် ပုဂ္ဂိုလ်များ၏ လိုအပ်ချက်များကို တာဝန်ရှိသူအဆင့်ဆင့်က ဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ပွဲတော်လာပရိသတ်များအတွက် သန့်စင်ခန်းများ၊ မီးဘေးလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ ထားရှိရန်၊ ပွဲတော်ရက်များအတွင်း အလှမီးများ ပြင်ဆင်ထားရှိရေးနှင့် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများကိုမှာကြားပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည့် မုဒ်ဦးဆိုင်ဘုတ်နှင့် မီးအလှဆင်နေမှုများ၊ ကြာရုပ်ပုံစံနှင့် ငန်းပုံစံ မီးအလှဆင်နေမှုများ၊ အသဲပုံစံမုဒ်ဦး မီးအလှဆင်နေမှုများ၊ ပုံဂံပုထိုးတော်ပုံစံ လျှောက်လမ်းမုဒ်ဦး မီးအလှဆင်နေမှုများ၊ ဆောင်းပုံစံနှင့် ဆွမ်းအုပ်ပုံစံ မီးအလှဆင်နေမှုများ၊ မီးပုံးအကြီး/အသေး အလှဆင်ဆောင်ရွက်နေမှုများ၊ ဂီတဖျော်ဖြေပွဲ စင်နှင့် မီးအလှဆင်နေမှုများ စသည်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါဈေးရောင်းပွဲတော်ကို အောက်တိုဘာလ(၄)ရက်နေ့မှ အောက်တိုဘာလ(၇)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာအရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်းပေါင်း (၃၅၉)ခန့် ခင်းကျင်းရောင်းချမည်ဖြစ်ရာ ပွဲတော်ရက်များအတွင်း အလှူရှင်များက နေ့စဉ်စတုဒီတာကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။
ထိုပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိပြီး အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)