ညောင်ရွှေမြို့၌ အသက် (၅) နှစ်အောက်ကလေးငယ်များ အာဟာရအခြေအနေ ဆန်းစစ်ခြင်းနှင့် စောင့်ရှောက်မှုပေးခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ ပြုလုပ်

ညောင်ရွှေ အောက်တိုဘာ ၃

အသက် (၅) နှစ်အောက် ကလေးများအတွက် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့် ပြန့်ဆောင်ရွက်နိုင်စေရန်နှင့် ပိုမိုလွှမ်းခြုံနိုင်စေရန်၊ ငလျင်ဒဏ်ခံစားခဲ့ရသည့် မြို့နယ်များရှိ (၅) နှစ် အောက်ကလေးငယ်များအား အာဟာရစောင့်ရှောက်မှုများ ပံ့ပိုးပေးနိုင်ရန်၊ အာဟာရချို့တဲ့မှု ခံစားနေရသည့် (၅) နှစ် အောက်ကလေးငယ်များအား စောစီးစွာရှာဖွေဖော်ထုတ်၍ ထိရောက်သောစောင့်ရှောက်မှုပေးနိုင်ရန်၊ ကိုယ်ဝန်ဆောင်နို့တိုက်မိခင်နှင့် (၅) နှစ်အောက် ကလေးငယ်များ၏ အုပ်ထိန်းသူများအား အာဟာရပြည့်ဝစွာ ပြင်ဆင်ချက်ပြုတ်စား သောက်တတ်စေရေး အသိပညာပေးရန် ရည်ရွယ်၍ အသက် (၅) နှစ်အောက် ကလေးငယ်များ အာဟာရအခြေအနေ ဆန်းစစ်ခြင်းနှင့် စောင့်ရှောက်မှုပေးခြင်း မြို့နယ် အဆင့် အသိပေးဆွေးနွေးပွဲကို အောက်တိုဘာ (၁) ရက် နံနက် (၁၀) နာရီက ညောင်ရွှေမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး ခန်းမ၌ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်က အမှာစကားပြောကြားပြီး ညောင်ရွှေမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်းက အသက် (၅) နှစ်အောက်ကလေးငယ်များ အာဟာရအခြေအနေ ဆန်းစစ်ခြင်းနှင့် စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ခင်းကျင်းပြသထားသည့် အာဟာရစောင့်ရှောက်မှုလုပ်ငန်းသုံး ပစ္စည်းများကို ကြည့်ရှု့ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းစဉ်တွင် အသက် (၅) နှစ်အောက် ကလေးများအား ကြီးထွားဖွံ့ဖြိုးမှုတိုင်းတာခြင်း၊ အသက် (၆) လမှ (၅) နှစ်အတွင်းရှိ ကလေးငယ်များ၏ ခန္ဓာကိုယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် သံဓာတ်အပါအဝင် ဗီတာမင်နှင့်သတ္တုဓာတ်များစွာပါဝင်သည့် အဏုအာဟာရမှုန့်ထုပ်များ ပေးဝေခြင်းနှင့် သုံးစွဲနည်းအသိပညာပေးခြင်း၊ ကိုယ်ခံအားကောင်းပြီး ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းကို ကာကွယ်ရန်နှင့် မျက်စိအမြင်သန်မာစေရန်အတွက် အင်အားပြည့်ဗီတာမင်အေ ဆေးလုံးတိုက်ကျွေးခြင်း၊ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ကာကွယ်ရန်အတွက် သံချဆေးတိုက်ကျွေးခြင်း၊ မိခင်နို့စနစ်တကျတိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာစနစ်တကျ ကျွေးမွေးခြင်းအကြောင်းကို အသိပညာပေးဟောပြောခြင်း လုပ်ငန်းစဉ်များပါဝင်ပြီး အောက်တိုဘာလ (၆) ရက်နေ့မှစတင်၍ အောက်တိုဘာလ (၂၀) ရက်နေ့အထိ ညောင်ရွှေမြို့နယ်အတွင်းရှိ ကလေးဦးရေ (၅၃၈၁) ဦးအား စုရပ်နေရာ (၈၁) ခုသတ်မှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ