သင်္ဃန်းကျွန်းမြို့နယ်ရှိ လေးထောင့်ကန်လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

တာမွေ စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာရပ်ကွက်ရှိ လေးထောင့်ကန်လမ်းတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုကဲ့သို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးတစ်လျှောက်ရှိ အသင်းတိုက်ကားမှတ်တိုင်မှ ဘီအိုစီကားမှတ်တိုင်၊ ထိုမှတစ်ဆင့် ဘဝမြင့်ကားမှတ်တိုင်အထိ လမ်းလယ်မီးတိုင်များ တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်္ဃန်းကျွန်းမြို့နယ်ရှိ လေးထောင့်ကန်လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်ခြင်းလုပ်ငန်းပြီးစီးသွားပါက ဒေသခံပြည်သူများသာမက ခရီးသွားပြည်သူများနှင့် လမ်းအသုံးပြုသူများအနေဖြင့် ညအချိန်များ၌ အဆိုပါလမ်းမကြီးတစ်လျှောက် ယာဉ်လမ်းအန္တရာယ်အပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးမှကင်းဝေးပြီး ဘေးကင်းလုံခြုံစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထက်တံခွန် (ပြန်/ဆက်)