ဘီးလင်း အောက်တိုဘာ ၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားသည့်နေရာများကို အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများသို့ တာဝန်ရှိသူများက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်နှင့်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ရပ်ကွက်/ကျေးရွာများအလိုက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုကို မဲဆန္ဒရှင်ပြည်သူများလာရောက်ကြည့်ရှုကြပြီး တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့ အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ပြီး မိမိအမည် မဲစာရင်းတွင်မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ ရယူနိုင်ကြောင်း၊ ထိုသို့ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို လာမည့်နိုဝင်ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သောတောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် ရပ်ကွက် (၅) ခုနှင့် ကျေးရွာအုပ်စု (၂၃) စုတို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ စုစုပေါင်း (၇၆၄၄၈) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)