မော်လမြိုင် အောက်တိုဘာ ၃
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များတက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တပ်မတော်နဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်ရမှာဖြစ်သလို ပြစ်မှုတွေ မဖြစ်ပွားအောင်ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုလည်း ဒေသခံပြည်သူတွေနဲ့ ပေါင်းစပ်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်းစနစ်ကို အလေးထားဆောင်ရွက်သွားဖို့ မှာကြားလိုကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် တပ်ဖွဲ့ဝင်ကောင်းတွေဖြစ်အောင် နေထိုင်ကျင့်ကြံ လုပ်ဆောင်သွားရန်နှင့် အမိနိုင်ငံတော်နဲ့ ရဲတပ်ဖွဲ့အတွက် ပေးအပ်တဲ့တာဝန်တွေကို ဦးလည်မသုန် အစဉ်ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှပေးပို့သော သဝဏ်လွှာအား မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းအောင်ကျော်မှ ဖတ်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် မွန်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များအား အမှုထမ်းကောင်းလက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏လှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်းVideo Clipအားပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရဲတပ်ဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကာ မွန်ပြည်နယ်ရဲတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံပြခန်းအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ မွန်ပြည်နယ် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်းက၊ မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂုဏ်ပြုခံ ဘိုးဘွားများ၊ အမျိုးရေးရာနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း သက်ကြီးပုဂ္ဂိုလ်များ ဝင်ငွေလုံခြုံမှုရရှိစေရေးအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေး၊ လူမှုရေးစောင့်ရှောက်မှုများအပြင် အခြားလိုအပ်သည့် ကိစ္စအရပ်ရပ်များကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုပေးပြီး အခက်အခဲများကို ဖြေရှင်းပေးခြင်း၊ ဝိုင်းဝန်းပံ့ပိုးကူညီသူများကို ဂုဏ်ပြုခြင်းများ ဆောင်ရွက်သွားကြမှာဖြစ်ကြောင်း၊ သက်ကြီးပုဂ္ဂိုလ်အဘိုးအဘွားများအနေဖြင့်လည်း မိမိတို့ မိသားစု၊ ရပ်ရွာ၊ နိုင်ငံတော်အတွက်နှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် တစ်နည်းနည်းဖြင့် အကျိုးပြုနေကြောင်းကို ဆက်လက် ပြသကြဖို့လည်း လိုအပ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အခမ်းအနားသို့တက်ရောက်လာသူများက အဘိုး၊ အဘွားများအား ဘိုးဘွားကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြပြီး ဂါရဝလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကာ တောင်ဝိုင်း ဘိုးဘွားရိပ်သာမှ အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးတို့မှ ဆုတောင်းမေတ္တာများ ပြန်လည်ပို့သခဲ့ကြသည်။
ယနေ့အခမ်းအနားတွင် မွန်ပြည်နယ်အတွင်းရှိ သက်ကြီး ဘိုး၊ ဘွား (၁၀၂) ဦးအတွက် ထောက်ပံ့ငွေကျပ်သိန်း (၂၀၀) ကျော်တန်ဖိုးရှိဆေးဝါးများ၊ တစ်ကိုယ်ရေသုံးနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)