မွန်ပြည်နယ် ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် အောက်တိုဘာ ၃

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူစစ်နှင့် နယ်ခြား‌တပ်များညွှန်ကြားရေးမှူးရုံး၊ အမှတ်(၃) တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ ၂၀၂၄- ၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်/ကောလိပ်မှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ တပ်ဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက် သည်။

ဦးစွာအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်၏ အနာဂတ်ကြယ်ပွင့်များဖြစ်သည့် တက္ကသိုလ်/ဒီဂရီကောလိပ် အသီးသီးမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများကို အခြေခံစစ်ပညာများ သင်ကြားပေးရန် ပထမနှစ်အခြေခံ စစ်ပညာ စခန်းချလေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ၂ဝ၂၄-၂ဝ၂၅ တက္ကသိုလ် ပညာသင်နှစ် တက္ကသိုလ်အသီးသီးက တပ်ဖွဲ့ဝင်ကျောင်းဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေး ဆိုင်ရာ အသိအမြင်များ ကျယ်ပြန့်စွာရရှိနိုင်ပြီး အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ကျရာနေရာဒေသအသီးသီးမှာ ထမ်းဆောင်တဲ့အခါအတိုင်း အတာတစ်ခုအထိ အထောက်အကူများ ရရှိနိုင်မှာဖြစ်ကြောင်း၊ ဒီသင်တန်းကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်အတွက်ရည်ရွယ်ပြီး ဖွင့်လှစ်လေ့ကျင့်ပေးသွားမည်ဖြစ်ကာ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်တို့မှာ သင်တန်းများကို တစ်ပြိုင်နက်ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ နောင်တစ်ချိန်မှာ နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်း တာဝန်ယူကြရမယ့် နိုင်ငံ့သားကောင်း/သမီးကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် ရည်ရွယ်လေ့ကျင့်ပေးသွားမှာဖြစ်ပြီး သင်တန်းကာလပြီးမြောက်အောင် စနစ်တကျ ပူးပေါင်းလိုက်ပါဆောင်ရွက်ကြရန်၊ နိုင်ငံတော်ကအားထားရတဲ့ သားကောင်း/သမီးကောင်းများ ဖြစ်အောင် အားထုတ်ကြိုးစားသွားကြရန်တိုက်တွန်းပြောကြားသည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် တိုင်းဦးစီးချုပ်တို့က တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်၍ တက်ရောက်လာသော တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ ကြောင်းသိရသည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တပ်ဖွဲ့ဝင်များမိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းကို တက္ကသိုလ်/ကောလိပ်မှ သင်တန်းသား/သင်တန်းသူ(၉၁)ဦးဖြင့် သင်တန်းကာလ ၁ လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)