ကျိုင်းတုံ အောက်တိုဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်ကဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး နေမျိုးထွဋ်က ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးထံမှ ပေးပို့သော သဝဏ်လွှာအားဖတ်ကြားခဲ့သည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် Video Clip နှင့် ပြခန်းများအား ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး နေမျိုးထွဋ်နှင့် တာဝန်ရှိသူတို့က မှုခင်းများဖော်ထုတ်ဖမ်းဆီးမှု တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် မှုခင်းကျဆင်းရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကူညီခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ချောအိအိငြိမ်း နှင့်အဖွဲ့ဝင်များက ရဲတပ်ဖွဲ့ဝင်မိသားစုများ နေအိမ်လိုင်းခန်း သန့်ရှင်းရေးနှင့် စိုက်ပျိုးရေး ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)