၂၀၂၅ ခုနှစ် ၊ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ကမာရွတ် အောက်တိုဘာ

 (၆၁)နှစ်မြောက်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊  မင်္ဂလာခန်းမ၌ အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်း ကကျင်းပရာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားပြီး မြန်မာ နိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၏ သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရဲမှုးချုပ် စိန်လွင်က ဖတ်ကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ပြည့်စုံလင်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်စန္ဒာသွယ်၊ ရန်ကုန်စစ်ဌာနချုပ်ဒုတိယတိုင်းမှူး ထွန်းထွန်းဦး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဒေါ်ဖြူမာဝေတို့ကမှုခင်းများနှင့် မူးယစ်ဆေးဝါးများအား စွမ်းစွမ်းတမံဖော်ထုတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုငွေများပေးအပ်ချီးမြှင့်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးချုပ်စိန်လွင်က ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေပေးအပ်ချီးမြှင့်ခြင်းနှင့် အမှတ်(၂)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့၊ ကွပ်ကဲရေးမှူးရဲမှူးချုပ် ကိုကိုလွင်က ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဆုငွေများကိုအသီးသီးချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များအပေါ်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှု မှတ်တမ်းVideo Clip အားပြသပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်သောဧည့်သည်တော်များမှ ရန်ကုန်တိုင်း​ဒေသကြီး ရဲတပ်ဖွဲ့၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှုပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)