လယ်ဝေး အောက်တိုဘာ ၂
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားသည့် ကျေးရွာများသို့ သွားရောက်ကြည့်ရှုသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာတွင် ပလွေးချောင်းရေ တိုက်စားကာ သစ်ပုတ်ပင်ရွာလယ် လမ်းဘေးလျှပ်စစ်မီးတိုင်အနီး ကမ်းပါး ပြိုကျမှုအား ကြည့်ရှုစစ်ဆေး၍ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း၍ ရေလမ်းကြောင်းထိန်းသိမ်းနိုင်ရေးဆောင်ရွက်ပေးသည်။ ထို့နောက် သစ်ပုတ်ပင် ကျေးလက်ဆေးပေးခန်း ရေဝင်ရောက်မှုကိုကြည့်ရှု၍ နုန်းများဖယ်ရှား ရှင်းလင်းပေးနေသည့် နယ်မြေခံရဲတပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့နှင့် ချောင်းဘေးပစ္စည်း များပါသွားသည့် နေအိမ်နှစ်အိမ်မှ မိသားစုများအား စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် သစ်ပုတ်ပင်ရွာလယ်ချောင်း ဖြတ်ကြိုးတံတား ငလျင်ကြောင့် ပျက်စီးမှုနှင့် ယခုရေကြီးမှုကြောင့် ပြန်လည်ပြုပြင်ရန်လိုအပ်နေသည့်အတွက် သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး ရွာသစ်ကျေးရွာနှင့် အောင်မြေကုန်းကျေးရွာတို့ကို ဆက်သွယ်ထားသည့် ပလွေးချောင်းကူးတံတား ချဉ်းကပ်လမ်းပျက်စီးမှုအား သွားရောက် ကြည့်ရှုကာ၊ လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရေးအတွက်သက်ဆိုင်ရာဌာန၊ ထွေ/အုပ်၊ မီးသတ်နှင့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ စုပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ အမြန်လမ်းမိုင်တိုင်၁၉၆/၇ ရှိ ဂုံးတောင်ကျေးရွာအတွင်း ရေဝင်ရောက်မှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ အမြန်လမ်းဦးစီးဌာနမှ SE ဦးပြည့်ဖြိုးဆည်က ရွာအတွင်းမှရေများ အမြန်ဆုံးထွက်ရှိစေရန်ဆောင်ရွက်မည့်အစီအမံအား ရှင်းလင်းပြောကြားပြီး စက်ယန္တရားများ စီစဉ်ဆောင်ရွက်ထားမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက်နေပြည်တော်ကောင်စီဝင်က ရေကြီးနစ်မြုပ်သည့် မိသားစုဝင်များအား ကျွေးမွေးရန် ဂုံးတောင်ကျေးရွာအုပ်ချုပ်ရေးမှူးအား ဆန်၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်များ ပေးအပ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီမှ ထမင်းထုပ် ၈၀၀ ပေးပို့ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ မြို့ရှောင်လမ်းဘေး၊ ငှက်ပျောတောကျေးရွာတွင် ပလွေးချောင်းရေဝင်ရောက်မှုကြောင့် ရေကြီးနစ်မြုပ်သည့် မိသားစုများအား အေလာ၊ ဂိုဏ်းထောက်ဘုန်းတော်ကြီးကျောင်းတွင် ယာယီနေထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။ ငှက်ပျောတောကျေးရွာနှင့် တဲစုကျေးရွာတို့တွင် အိမ်ခြေ ၁၈၉ အိမ်၊ လူဦးရေ ၈၀၀ ဦးခန့် နေထိုင်ကြောင်းနှင့် သက်ကြီးရွယ်အိုများ၊ ရွာသူရွာသားများနှင့် တိရစ္ဆာန်များကို ရေဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)