နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ရေကြီးရေလျှံဖြစ်ပွားမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ပုဗ္ဗသီရိ အောက်တိုဘာ ၂

နေပြည်တော်ကောင်စီဝင်ဦးမင်းဦးသည် ယမန်နေ့ နံနက်ပိုင်းကမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း မုန်တိုင်းများဖြစ်ပေါ် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံ မဖြစ်စေရေး၊ ရေးစီးရေလာကောင်းမွန်ရေး မိုးသီးနှံများ ရေနစ်မြုပ်မှုမရှိစေရေး ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးစဉ် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်သန်းက ပုဗ္ဗသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု မဖြစ်ပွားစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး တံတားများ၊ ရေထုတ်ပေါက်များတွင် ပိတ်ဆို့နေသော အမှိုက်များရှင်းလင်းထားရှိမှု၊ ဆင်သေလက်ယာမြောင်းမကြီး ဝဲယာရှိ Box Culvert များမှ ထုတ်နုတ်ရေများကို ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့်ရှင်းလင်း၍ ရေကြီးရေလျှံမှုလျှော့ချကာ ဆင်သေလက်ယာမြောင်းမကြီးအတွင်းသို့ ယာယီဖောက်ထုတ်ထားရှိမှု အခြေအနေများနှင့် တောင်သူများသီးနှံစိုက်ပျိုးနိုင်ရေး ရေပေးဝေမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ နေပြည်တော် ကောင်စီဝင်က စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာသီပြည့် သီးနှံစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပါက သီးနှံများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ ရေးစီးရေလာကောင်းမွန်စေရေး အလေးထား ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ မှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)