လွိုင်လင်မြို့၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

လွိုင်လင် အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားကို ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်အားပေးခဲ့သည်။

ဦးစွာ အခမ်းအနားအစီအစဉ်ပထမပိုင်းကိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကြည်မြင့်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့သည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအားဖတ်ကြားခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်ခဲ့သည့်  ဗွီဒီယိုကလစ်ကိုပြသခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးညွန့်ထွန်းနှင့်တာဝန်ရှိသူများက ဖိတ်ကြားထားသော ဧည့်သည်များထံ အမှတ်တရလက်ဆောင်ပစ္စည်းများကို နေရာအရောက် ပေးအပ်ပြီး အခမ်းအနားအစီအစဉ်ပထမပိုင်းကို ပြီးမြောက်ခဲ့သည်။ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို မြို့မရဲစခန်း၌ ဆက်လက်ကျင်းပရာ ခရိုင်ရဲတပ်ဖွဲ့မှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် ထူးချွန်တပ်ဖွဲ့ဝင်များကို ခရိုင်ရဲမှူးကြီးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်း၊ ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင်ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ယနေ့ကျင်းပပြုလုပ်သည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရသည်။

လွိုင်လင်မိုး