ပူတာအိုခရိုင်၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

ပူတာအို    အောက်တိုဘာ  ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာ(၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး သန်းနိုင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးထံမှ ပေးပို့သော (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာကိုဖတ်ကြားပြီး ပူတာအိုတပ်နယ်မှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးစိုးထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး သန်းနိုင်၊ ပူတာအိုတပ်နယ်မှူး ဗျူဟာမှူး၏ဇနီး ဒေါ်သီနွယ်မွန်မြင့်တို့က ၂၀၂၅- ခုနှစ်အတွင်း ရဲတပ်သားသစ်အများဆုံးစုဆောင်းရရှိမှုဆုရရှိသည့် မချမ်းဘောမြို့နယ်ရဲတပ်ဖွဲ့မှူးအားလည်းကောင်း၊ ၂၀၂၅-ခုနှစ်အတွင်း တပ်ဖွဲ့လုပ်ငန်းများအား ဂုဏ်ပြုလေးစားထိုက်သောစိတ်ဓာတ်ဖြင့် စိတ်ပါဝင် စားစွာစေတနာထား၍ ကြိုးကြိုးစားစားကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်ဖွဲ့ဝင်/စာရေးဝန်ထမ်းများအားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏လုပ်ငန်းများဖြစ်သည့် ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူပူးပေါင်း၍ ဂုဏ်ပြုလေးစားထိုက်သောစိတ်ဓာတ်ဖြင့် အားတက်သရော ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လည်းကောင်း၊ ၂၀၂၅ခုနှစ်အတွင်း မိသားစုနေအိမ်လိုင်းခန်းသန့်ရှင်းရေး အကောင်းဆုံး(ပထမ၊ဒုတိယ၊တတိယ) ဆုများကိုလည်းကောင်းအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာသူများက(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဗွီဒီယိုကလစ်ပြသမှုကိုကြည့်ရှုအားပေးခဲ့ကြပြီး ပူတာအိုခရိုင်ရဲတပ်ဖွဲ့ဝင်များက (၆၁)နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)