လှည်းကူးမြိုနယ်၌ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုကို ပြည်သူများလာရောက်ကြည့်ရှု

လှည်းကူး အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁-က) များကို စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းကစတင်ပြီး ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင် ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သော ပုံစံများကိုလည်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၉)အုပ်စုတို့တွင် အဆိုပါမဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာခြင်းများကို စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်နေ့ထိ (၁၄) ရက်ကြာ ကြေညာထားမည်ဖြစ်ကြောင်းသိရှိရသည်။

အေးအေးနွဲ့(လှည်းကူး)