မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေး

ချမ်းအေးသာစံ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက မန္တလေးတက္ကသိုလ်သို့ ရောက်ရှိပြီး အောက်တိုဘာ၄ရက်နေ့တွင် ကျင်းပမည့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား  တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်နှင့်အတူ မီးလောင်ပျက်စီးခဲ့သည့် ပင်မဆောင်အဆောက်အအုံနှင့် ထိခိုက်ပျက်စီးခဲ့သည့်ဘွဲ့နှင်း သဘင်ခန်းမ အဆောက်အအုံတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများပြီးစီးမှု၊ မြေယာရှုခင်းဆောင်ရွက်နေမှုများ အခြေအနေများ၊ ရာပြည့်သဘင်ကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ လုပ်ငန်းစဉ် ၂၅ ချက်အပေါ် ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်မှုများ အချိန်မီပြီးစီးရေး၊ အခမ်းအနား မစတင်မီအချိန်ကာလမှစ၍ ပြီးဆုံးသည်အထိ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ကဏ္ဍများအလိုက် ဆောင်ရွက်ကြရမည့်လုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်သည်များရှိပါက အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်းပြောကြားကာ လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အထောက်အကူပြုစေမည့်ပညာရပ်များ ဆက်လက်မြှင့်တင် ဖြည့်ဆည်းပေးရန်၊ ပညာအခြေပြု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသည့် ဘွဲ့ကြို၊ ဘွဲ့လွန်လူငယ်များ၏ တီထွင်ဖန်တီးမှု စွမ်းရည်များပြသရန်၊ တက္ကသိုလ်၏ရှေ့နှစ် ၁၀၀ မျှော်မှန်းချက်ချမှတ်ရန် စသည့် ရည်ရွယ်ချက်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်