မိုးညှင်း အောက်တိုဘာ ၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်နှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အောင်သပြေရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မိုးညှင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် ဝသုန်စိုးက(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်း အမှတ်မိန့်ခွန်းပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ကျော်က နိုဝင်ဘာ (၁)ရက်တွင် ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် သဝဏ်လွှာအားဖတ်ကြားသည်။
ဆက်လက်၍ မိုးညှင်းခရိုင်အတွင်း ၂၀၂၄ခုနှစ် အောက်တိုဘာ(၁)ရက်မှ ၂၀၂၅ခုနှစ် စက်တင်ဘာ (၃၀)ရက်အထိ မိုးညှင်းမြို့မရဲစခန်းမှ မူးယစ်ဆေးဝါး ပမာဏအများဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်မှုဆု၊ မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်သားသစ်အများဆုံးစုဆောင်းနိုင်မှုနှင့် ရဲတပ်သားသစ်သတ်မှတ် လျာထားချက်ပြည့်မီအောင် စုဆောင်းနိုင်မှုဆု၊ မိသားစုနေအိမ်လိုင်းခန်း သန့်ရှင်းရေးကောင်းမွန်မှုဆုနှင့် မြို့ပေါ်ရပ်ကွက်အတွင်း မှုခင်းများဖော်ထုတ်ဖမ်းဆီးနိုင်မှုဆုတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားအပြီးတွင် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်၊ အမှတ်(၁၀၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် အမှတ် (၃) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်စုတို့မှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို တပ်နယ်မှူး ဗိုလ်မှူးချုပ် ဝသုန်စိုးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း