မိုင်းယန်း အောက်တိုဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၅ ခုနှစ်၊ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ခရိုင်ရဲတပ်ဖွဲ့ရုံး၌ ကျင်းပသည်။
ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် ခရိုင်ရဲတပ်ဖွဲ့ရုံး၌ သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှူပြီး ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒဓဇ “သာသနတက္ကသီဓမ္မာစရိယ၊ မဟာသဒ္ဒမ္မဇောတိကဓဇ”ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကာ သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ်အပ်သော ပရိတ်တရားတော်ကိုနာယူ၍ ဝါဆိုသင်္ကန်းနှင့် ဝတ္ထုငွေလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းဖွယ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေ ဆုတောင်းခဲ့ကြသည်။
ထို့နောက် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို နံနက် ၈ နာရီတွင် ခရိုင်ရဲတပ်ဖွဲ့ရုံးခန်းမ၌ ဆက်လက်ကျင်းပရာ မိုင်းယန်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းသိန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးထံမှ ပေးပို့သည့်သဝဏ်လွှာအား ဖတ်ကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်သားသစ်စုဆောင်းနိုင်မှု၊ ပြေး(၄)ပြေး ဖမ်းဆီးနိုင်မှု၊ ရဲလုပ်ငန်းများဆောင်ရွက်နိုင်မှုနှင့် ရုံးလုပ်ငန်းများ တက်ကြွစွာဆောင်ရွက်မှု၊ လုပ်ငန်းများဆောင်ရွက်မှုအပေါ် စိတ်ပါဝင်စားစွာ ပံ့ပိုးကူညီပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများချီးမြှင့်ပေးအပ်ခြင်းနှင့် တပ်ဖွဲ့ဝင်မိသားစုများ၏ နေအိမ်လိုင်းခန်း သန့်ရှင်းမှု၊ မွေးမြူရေးဆောင်ရွက်မှုနှင့် စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှုများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား ခရိုင်ရဲတပ်ဖွဲ့ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နီလာစိန်နှင့်တာဝန်ရှိသူများက ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး