မဟာအောင်မြေမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းများ ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှု

‎‎မဟာအောင်မြေ  အောက်တိုဘာ ၂

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

‎‎မဟာအောင်မြေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်က မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းလာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင်မှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို သက်ဆိုင်သည့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှတဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ၁၃-၁၀- ၂၀၂၅ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်) လာရောက်ကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံနှိုး‌ဆော်အပ်ပါတယ်ဟု ပြောကြားခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းများကို မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၃၀-၉- ၂၀၂၅ရက်နေ့မှ ၁၃-၁၀-၂၀၂၅ရက်နေ့အထိ (၁၄) ရက်ကြာ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အောင်ဇော်မင်း