နေပြည်တော် အောက်တိုဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော် MSME အေဂျင်စီအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော် MSME အေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော် MSME အေဂျင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ MSME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်သည်။
ဦးစွာ နေပြည်တော် MSME အေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ထုတ်ကုန်လုပ်ငန်းများ ရေရှည်လည်ပတ် ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းရရှိရေး၊ ကုန်ချော ဈေးကွက်ရရှိရေး၊ ငွေကြေးအရင်းအနှီးရရှိရေး၊ လျှပ်စစ်ဓာတ်အား၊ နည်းပညာနှင့် ကျွမ်းကျင် လုပ်သားရရှိရေးသည် အလွန်အရေးပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များကို အခြေခံပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ သွင်းကုန်အစားထိုးစက်မှုလုပ်ငန်းများ၊ ပြည်ပတင်ပို့သည့် စက်မှုလုပ်ငန်းများ၊ အလားအလာရှိသော စက်မှုလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လည်ပတ်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်စေလိုကြောင်း၊ မြို့နယ်အလိုက် ထုတ်လုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး MSMEပြပွဲ၊ ပြိုင်ပွဲများကို လုပ်ငန်းရှင်များ၊ အသင်းဝင်များနှင့် ပေါင်းစပ်၍ ကျင်းပဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းများနှင့် ပြည်ပတင်ပို့နိုင်သည့် စက်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများအား အရည်အသွေးကောင်းမွန်စေရန်နှင့် ထုတ်ပိုးမှုအဆင့်မြှင့်တင်ရန်လိုအပ် ကြောင်း၊ နေပြည်တော်အတွင်း MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် MSME အေဂျင်စီ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က နေပြည်တော်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် MSMEလုပ်ငန်းရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး (ဒက္ခိဏ)