သာစည် အောက်တိုဘာ ၂
မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း စက်တင်ဘာ ၃၀ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် လမ်းနှင့်တံတားအချို့ပျက်စီးခဲ့ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။
စက်တင်ဘာ ၃၀ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ရွှေတုတ်ကုန်းကျေးရွာအုပ်စု၊ အမှတ်(၂)ခရိုင်ချင်းဆက်လမ်း မိုင်တိုင်အမှတ်(၉၃/၆-၉၃/၇)အတွင်း လမ်း၏ ယာဘက်ခြမ်းတံတားအမှတ် (၄/၉၄)၏ ချဉ်းကပ်လမ်းတာပေါင် ပေ ၃၀ ခန့် ရေတိုက်စားပျက်စီးခြင်း၊ မိုင်တိုင်အမှတ်(၉၄/ဝ-၉၄/၁)အတွင်း လမ်းပေါ် ၃ ပေခန့် ရေကျော်မှုဖြစ်ပွားခဲ့ခြင်း၊ မိုင်တိုင်အမှတ် (၉၉/၅-၉၉/၆)အတွင်း ယာယီရေနိမ့်တံတား ပျက်စီးများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါသာစည်မြို့နယ်၊ ရွှေတုတ်ကုန်းကျေးရွာအုပ်စု၊ အမှတ် (၂) ခရိုင်ချင်းဆက်လမ်းတွင် တံတားအမှတ်(၄/၉၄)၏ ချဉ်းကပ်လမ်းတာပေါင်ပျက်စီးခဲ့သည့်နေရာနှင့် မိုင်တိုင်အမှတ်(၉၉/၅-၉၉/၆) အတွင်း ယာယီရေနိမ့်တံတားနှင့် ချဉ်းကပ်လမ်းအပါအဝင်ပေ ၅၀ ခန့် ရေတိုက်စား မျောပါပျက်စီးခဲ့သည့် နေရာတို့တွင် သက်သော့(ရွှေတုတ်ကုန်း)ချောင်းမှ ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်ပါ၍ မြို့နယ်လမ်းဦးစီးဌာနမှ အင်ဂျင်နီယာများဖြင့် ယာယီသွားလာနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါခရိုင်ချင်းဆက်လမ်းဘေးရှိကျေးရွာအုပ်စုများမှ ပြည်သူများအနေဖြင့် ပျော်ဘွယ်-ဘုရားငါးဆူလမ်းအတိုင်း ဆက်သွယ်သွားလာလျက်ရှိပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)