တာချီလိတ် အောက်တိုဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)ရှိ အောင်ဇေယျရဲခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီး ကျော်မင်းထွန်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံတို့က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနေမျိုးက ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးမှပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက် တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမျိုးနှင့် တာဝန်ရှိသူများက တာချီလိတ်မြို့နယ်အတွင်းမှုခင်းများကို စွမ်းစွမ်းတမံဖော်ထုတ်ခဲ့သည့် တပ်ဖွဲ့ဝင်များ၊ ရုံးလုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင် ၃၂ ဦးအား ခရိုင်ရဲတပ်ဖွဲ့မှူး၏ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်နှင့် တာဝန်ရှိသူများက နေအိမ်လိုင်းခန်းများ အတွင်း၊ အပြင် သန့်ရှင်း သာယာလှပရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး “ဆု”ရရှိသည့် တပ်ဖွဲ့ဝင်များ၏ မိသားစု ဝင်များအား ဂုဏ်ပြုဆုများပေးအပ်သည်။
ယင်းနောက် ကြွရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဧည့်သည်တော်များက တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ ရည်မှန်းချက်တာဝန် (၄)ရပ်၊ တည်ဆောက်ရေးတာဝန် (၄)ရပ် ဆောင်ရွက်မှုပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)