ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနံက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထက်မြက်သူက စာအုပ်စာပေဖတ်ရူခြင်းမှ အသိပညာဗဟုသုတများကြွဝစေရန်နှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးတင်လှိုင်ကစာရေးဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ)ရေးသားသည့် အမှားတွေဆီကနေ အမြတ်ထုတ်ပါခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည်တိုးတက်မြင့်မားနေဖို့ လုပ်ငန်းခွင်အတွင်း လုပ်ဆောင်မှုတွေကို ပြန်လည်သုံးသပ်နေဖို့လည်း လိုအပ်ပါကြောင်း၊ အောင်မြင်မှုအကြောင်းကို ဆွေးနွေးပြောဆိုရေးသားကြတဲ့ အခါမှာတော်တော်များများက အတိတ်မှာပဲ တဝဲလည်လည်ဖြစ်မနေဖို့ အတိတ်မှာပဲပိတ်မိမနေဖို့ ပြောဆိုရေးသားလေ့ရှိကြောင်း၊ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်စဉ်းစားမှု (Reflective Thinking)မှာ ယေဘုယျအားဖြင့် အဆင့်(၅)ဆင့်ရှိပါကြောင်း၊ အဲ့ဒီအဆင့်တွေကတော့ (၁) ပြန်လည်သုံးသပ်ခြင်း(Review)၊ (၂) ပြန်လည်သုံးသပ်စဉ်းစားခြင်း(Reflect) (၃)ပြန်လည်ပြင်ဆင်ခြင်း(Recover)၊ (၄)ပြန်လည်စီစဉ်ဆောင်ရွက်ခြင်း (Rearrange)၊ (၅)ပြန်လည်အားဖြည့်ခြင်း(ဝါ) အားသစ်လောင်ခြင်း (Recharge)ဆိုတာတွေလိုပါကြောင်း၊ ဒါ့ကြောင့် လုပ်ငန်းခွင်အတွင်းမှာ အမှားတွေပြုလုပ်မိရင်ပြဿနာတွေနဲ့ ရင်ဆိုင်ရရင် မကြောက်ရွံ့နဲ့၊စိတ်မညစ်နဲ့၊ အမှားတွေကိုစနစ်တကျ ပြန်လည်ဆန်းစစ်သုံးသပ်ပြီး အမှားတွေဆီကနေ အမြတ်ထုတ်လိုက်ပါ၊ ဒါဆိုရင်သင်ဟာစဉ်ဆက်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်နေမှာ ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်း အရာများကို တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)