မောက်မယ်မြို့နယ်၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြေနှိမ့်ပိုင်း လူနေအိမ်များအတွင်း ရေများဝင်ရောက်

မောက်မယ် စက်တင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေမြှင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက်များအတွင်းရှိ မြေနှိမ့်ပိုင်းနေအိမ်အချို့တွင် စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီခန့်က  ရေနှစ်မြုပ်ခဲ့ပြီး တံတားတစ်စင်းသည်လည်း ကျောက်စီနံရံပြိုကျခဲ့ကြောင်း သိရသည်။

ထိုသို့ရေကြီးရေလျှံမှုတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများနှင့် လူမှုရေးအသင်းအဖွဲ့များက လူနှင့်အိမ်သုံးပစ္စည်းများ ရေလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး တောင်ကျချောင်းရေကြောင့် မောက်မယ်မြို့နှင့် ၈ မိုင်ခန့်အကွာ ဟိုလွိုင်ကျေးရွာအုပ်စု၊ ပန်တောင်ကျေးရွာအနီး မောက်မယ်−ဟိုနမ့်သွားလမ်းပေါ်ရှိ တံတားအမှတ် ၁/၇၆ တံတား ကျောက်စီနံရံပြိုကျခဲ့ရာ အဆိုပါလမ်းပေါ်သို့ ယာဉ်ကြီးများဖြတ်သန်းသွား လာခွင့်မပြုပဲ ယာဉ်ငယ်များ သာသွားလာခွင့်ပြုထားပြီး တံတားအမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာလမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ထားကြောင်း ဖြစ်စဉ်အတွင်း လူနှင့်တိရိစ္ဆာန်များ ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများမရှိကြောင်းနှင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်းသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)