မိုင်းကိုင်မြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

မိုင်းကိုင် အောက်တိုဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အသက် (၁၈) နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ၏ မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၇ နာရီမှစတင်ကာ ကပ်ထားကြေညာခဲ့သည်။

ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးမောင်တင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် အမည်မပါဝင်ပါက တောင်းဆိုလွှာပုံစံ (၃)၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေပါက ကန့်ကွက်လွှာ ပုံစံ(၄)၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်လွှာပုံစံ (၄-ဂ) တို့ဖြင့် လျှောက်ထားနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို မိုင်းကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် (၅) ခုနှင့် ကျေးရွာအုပ်စု (၂၄) အုပ်စုတို့တွင် စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်နေ့အထိ (၁၄) ရက်ကြာ ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ချော(မိုင်းကိုင်)