မူဆယ် အောက်တိုဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် (၉) နာရီက မူဆယ်မြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ပေးပို့သည့် သဝဏ်လွှာအား မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပြည့်ဝင်းအောင်က ဖတ်ကြားပေးခဲ့သည်။ ယင်းနောက် တစ်ဆင့်တိုးရာထူး အဆင့်တံဆိပ်ရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင် (၅) ဦးအား ရာထူးအဆင့်တံဆိပ်ကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူက တပ်ဆင်ပေးခဲ့သည်။ ဆက်လက်၍ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဗွီဒီယိုကလစ်အား ပြသပေးခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ (မူဆယ်)