မတ္တရာမြို့နယ်၌ အသက်နှစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆက်လက်ဆောင်ရွက်

မတ္တရာ အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတွင် အသက်နှစ်နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် နှစ်လသားအရွယ်မှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး(အိုင်ပီဗွီ)၊ ဂျပန်ဦးနှောက် ရောင်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး(၁၂)မျိုးတို့ကို ထိုးနှံပေးခြင်းနှင့်  ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေးများကို တိုက်ကျွေးခဲ့ကြောင်းသိရသည်။

ထို့ပြင် အသက်နှစ်နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ကိုယ်ဝန်ဆောင်များကို ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို လစဉ် ၁၇၊ ၁၈ ရက်နှင့် လကုန်ရက်တို့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)