မဟာ‌အောင်မြေမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

မဟာအောင်မြေ အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်း ဒေသကြီး ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ ၇၃ လမ်း၊ ၄၃ လမ်းထောင့် ၊ တက္ကသိုလ်လေ့ကျင့်ရေးရှေ့တွင် ရောင်းချသည်။

အဆိုပါ ဆက်လက်ရောင်းချမည့် အစီအစဉ်များတွင် အောက်တိုဘာ ၂ ရက်တွင် အမရပူရမြို့နယ်၊ ကျန်တန်းရပ်ကွက်၊ ပွဲတော်ရပ် ရွာလယ်လမ်း၊ ပွဲတော်ဘုန်းကြီးကျောင်း အနီးတွင်လည်းကောင်း၊ အောက်တိုဘာ ၃ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ ရွှေလုံရပ်ကွက်၊ ၂၇ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားနှင့် ချမ်းမြသာစည် မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ (၁ဝ-၁)၊ ၅၄ လမ်း၊ ၁၁၀ လမ်း နှင့် ၁၁၁လမ်းကြားတို့တွင်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

ထိုသို့ တိုက်ရိုက်ရောင်းချနေမှုအစီအစဉ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေးနှင့် တာဝန်ရှိသူများ၊ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း