စစ်တွေ အောက်တိုဘာ ၁
အောက်တိုဘာလ (၁) ရက်တွင် ကျရောက်သော နှစ်(၆၁) ပြည့်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု အမည်ပြောင်းလဲ ခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်(၆၁)ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ မျက်မှောက်ခေတ်တွင် နည်းပညာအသုံးပြုမှု တွင်ကျယ်လျက်ရှိရာ ရာဇဝတ်မှုကျူးလွန်သူများအနေဖြင့်လည်း နည်းပညာကိုအသုံးချ၍ ဥပဒေများကို ချိုဖောက်ပြီး ရာဇဝတ်မှုများကို ကျူးလွန်လာကြသည့်ကို တွေ့ရကြောင်း၊ အချို့သောမှုခင်းကိစ္စများတွင် သမားရိုးကျနည်းဖြင့် ရှာဖွေစုံစမ်းဖော်ထုတ်ရန် ခက်ခဲလာသောကြောင့် ခေတ်နှင့်အညီ နည်းပညာမြင့် အထောက်အကူပြုပစ္စည်းများကိုလည်း ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုတတ်ရန် လိုအပ်မည် ဖြစ်ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များ၏ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စဉ်ဆက်မပြတ်လေ့ကျင့် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း လုံခြုံရေးနှင့်သက်ဆိုင်သည့် နည်းပညာအထောက်အကူပြု ပစ္စည်းများကိုပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဘေးကျရောက်သည့် အရေးပေါ်အချိန်တွင်လည်း ရဲတပ်ဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများအပြင် လုံခြုံရေးနှင့် သဘာဝဘေးကျရောက်ချိန်တွင် ဖြစ်တတ်သည့် မှုခင်းများမဖြစ်ပွားစေရေး မှုခင်းကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ရကြောင်း၊ ရဲတပ်ဖွဲ့က ဆောင်ရွက်ရမည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဖြစ်စဉ်များနှင့်အခြေအနေများကို မျက်ခြေမပြတ် စေရန်နှင့်ရဲတပ်ဖွဲ့သည် မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည် ပြည့်ဝရမည်၊ ခေတ်မီရမည်ဆိုသည့် မူဝါဒများနှင့်အညီ လိုက်နာကျင့်ကြံ နေထိုင်ပြီး ရဲတပ်ဖွဲ့အတွက် ရလဒ်ကောင်းများရရှိအောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပုံရိပ်ကောင်းများ ဖြစ်လာအောင်အလေးထား ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ နှစ်(၆၁)ပြည့် မြန်မာနိုင်ငံရဲတပ်နေ့အခမ်းအနားသို့ ရဲချုပ်မှပေးပို့သည့် သဝဏ်လွှာ အား ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်လွင်က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် တာဝန်ရှိသူများက ဆုရရှိကြသည့်တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသားများ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ-ဝင်းမင်းစိုး