မန္တလေး အောက်တိုဘာ ၁
အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမ၌အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီခွဲက ကျင်းပရာ အသက်(၉၅)နှစ်နှင့်အထက် ကန်တော့ခံ အဘိုးအဘွားများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ တက်ရာက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားပြီး အခမ်းအနားမတက်ရောက်နိုင်သည့် အသက်(၉၅)နှစ်နှင့်အထက် အဘိုးအဘွား ၁၀၀ တို့အတွက် အလှူငွေများကို လွှဲပြောင်းပေးအပ်ရာ အောင်မြေသာစံခရိုင်မှ ၃၅ ဦးအတွက် ငွေကျပ် ၁၇၅၀၀၀၀၊ မဟာအောင်မြေခရိုင်မှ အဘိုးအဘွား ၄၀ အတွက် ၂,၀၀၀,၀၀၀နှင့် အမရပူရခရိုင်မှ အဘိုးအဘွား ၂၅ ဦးအတွက် ငွေကျပ် ၁,၂၅၀၀၀၀ တို့ကို သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက မန်းတောင်ခြေဘိုးဘွားရိပ်သာမှ ဂုဏ်ပြုခံသက်ကြီးဘိုးဘွား(၃၅)ဦးအား တစ်ဦးလျှင်ငွေကျပ် ၁၀၀၀၀၀ နှင့်လှူဒါန်းပစ္စည်းများ ပေးအပ်လှူဒါန်းပြီး တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက အဘိုးအဘွားများအား ဂါရဝပြုပစ္စည်းများဖြင့် ကန်တော့ကြသည်။
ဆက်လက်၍ ဂုဏ်ပြုခံသက်ကြီးဘိုးဘွားများကိုယ်စား မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုးဦးစံမြင့်က ကျေးဇူးတင်စကားနှင့်ဆုပေးစကားပြောကြားပြီး သက်ကြီးပုဂ္ဂိုလ် ပြုစုစောင့်ရှောက်ရေးနှင့် အခွင့်အရေးဆိုင်ရာဆောင်ရွက်ချက်ဗီဒီယို မှတ်တမ်းပြသခဲ့ ကြောင်းသိရသည်။
မြင့်မော်ထွန်း(အောင်စံ_ပြန်/ဆက်)