မြစ်သားမြို့နယ်တွင် မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြီး ကင်းတားရေ လှောင်တမံ၏ ရေဝင်ရောက်မှုအခြေအနေ

မြစ်သား အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကံဆည်ကျေးရွာအုပ်စုအနီးရှိ ကင်းတားရေလှောင်တမံအား အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်း တိုင်းထွာချက်အရ လက်ရှိရေပမာဏ ၈၄၉၂၄၀ ဧကပေရှိပြီး ရေအမှတ် (အမြင့်ပေ) ၆၇၈.၀၂ ပေရှိကြောင်း သိရပါသည် ။

မြစ်သားမြို့နယ်ရှိ ကင်းတားရေလှောင်တမံ၏ ရေသိုလှောင်နိုင်မှုပမာဏမှာ ၈၇၃၅၈၀  ဧကပေဖြစ်ပြီး ရေထပ်မံသိုလှောင်နိုင်မည့် ဧကပေ ၂၄၃၄၀ ဧကပေ ကျန်ရှိကာ ဆည်ကန်ရေပြည့်ရေအမှတ် (အမြင့်ပေ) ၆၈၀ ပေဖြစ်၍ ကင်းတားရေလှောင်တမံအတွင်း ရေထပ်မံသိုလှောင်နိုင်မှု ရေအမှတ် (အမြင့်ပေ) ၁.၉၈ပေ ကျန်ရှိနေကြောင်း  မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြီး ကင်းတားရေလှောင်တမံအတွင်းသို့ ဝင်ရေအများပြား ဝင်ရောက်လာနိုင်‌ကာ ကန်တွင်းသို့ လှောင်ရေကြိုတင် လျော့ချရန်လိုအပ်သည့်အတွက် ရေပိုလွှဲရေတံခါး ၄ ပေါက်မှ ၁ ပေစီထုတ်လွှတ်ထားရာမှ နေ့လည် ၁၂ နာရီမှစ၍ ရေပိုလွှဲရေတံခါး အမှတ် ၂ နှင့် ၃ အား (၁.၅) ပေစီပြောင်းလဲဖွင့်လှစ်မည်ဖြစ်ပြီး ရေတံခါး အမှတ် ၁ နှင့် ၄ အား (၁) ပေစီ ပြောင်းလည်းဖွင့်လှစ်ထားကြောင်း သိရသည်။

မြစ်သားမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ)နှင့် ဝန်ထမ်းများက ကင်းတားဆည်တမံကြံခိုင်မှုအခြေအနေ၊ ပန်းလောင်မြစ်ကြောင်းတစ်လျှောက် မိုးရွာသွန်းမှုအခြေအနေအရ ရေပိုလွှဲတံခါးများအား ထိန်းညှိဆောင်ရွက်ခြင်းနှင့် ကင်းတားဆည်တမံအတွင်း ရေဝင်‌ရောက်မှု အခြေအနေများအား နေ့ညမပြတ် စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

 ဝါဝါမြင့်(မြစ်သား)