မန္တလေး အောက်တိုဘာ ၁
အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်၈နာရီက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲသူရိန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားပြီး (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှပေးပို့သည့် သဝဏ်လွှာအား ခေတ္တတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဟန်ထွန်းက ဖတ်ကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်လှမြင့်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်တို့က ထူးချွန်ဆုရရှိကြသော ရဲတပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်ပေးအပ်ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဗီဒီယိုကလစ်ကို ကြည့်ရှုပြီး မှတ်တမ်းတမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးကြ ကြောင်းသိရသည်။
မြင့်မော်ထွန်း(အောင်စံ - ပြန်/ဆက်)