တောင်ကြီး အောက်တိုဘာ ၁
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်အသီးသီးရှိ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းမှစ၍ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၊ တပ်ရင်းတပ်ဖွဲ့များတွင် ကြေညာထားကြောင်း သိရသည်။
တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဘမြင့် အတွင်းရေးမှူး ဦးခွန်မြတ်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြစိန်နှင့် အဖွဲ့ဝင်များသည် သစ်တောရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက်၊ မြို့မရပ်ကွက်၊ ညောင်ဖြူစခန်းရပ်ကွက်နှင့် ကန်ရှေ့ရပ်ကွက်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားကြောင်း သိရသည်။
တောင်ကြီးမြို့နယ်တွင် ရပ်ကွက် (၅၁) ခု၊ ကျေးရွာအုပ်စု (၂၄) အုပ်စုရှိပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း (၃၄၆၄၄၆) ဦး၊ မဲရုံပေါင်း(၁၉၀) ရုံ ရှိ၍ ပထမအကြိမ်မဲစာရင်းများကို စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်နေ့ထိ ကပ်ထားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
အလားတူ မဲဆန္ဒရှင်စာရင်းများကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့နယ်များတွင်လည်းကောင်း၊ ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၊ တပ်ရင်းတပ်ဖွဲ့များတွင် ကပ်ထားကြေညာလျက်ရှိကြောင်း သိရှိရသည်။
ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)