မန္တလေး အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက မန္တလေးတက္ကသိုလ်သို့ရောက်ရှိပြီး အောက်တိုဘာ ၄ ရက်တွင် ကျင်းပမည့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား တာဝန်ရှိသူများက ဖွင့်ပွဲ အခမ်းအနား အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ မန္တလေးငလျင်ကြီးကြောင့်ပျက်စီးခဲ့သည့် ပင်မဆောင်အဆောက်အအုံနှင့် ထိခိုက်ပျက်စီးခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများပြီးစီးမှု၊ မြေယာရှုခင်းဆောင်ရွက်နေမှုများ အခြေအနေများ၊ ရာပြည့်သဘင်ကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ လုပ်ငန်းစဉ် ၂၅ ချက်အပေါ် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်မှုများ အချိန်မီပြီးစီးရေး၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ကဏ္ဍများအလိုက် ဆောင်ရွက်ကြရမည့်လုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကိုအထောက်အကူပြုစေမည့်ပညာရပ်များ ဆက်လက်မြှင့်တင်ဖြည့်ဆည်းပေးရန်၊ ပညာအခြေပြုလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံသည့် ဘွဲ့ကြို၊ ဘွဲ့လွန်လူငယ်များ၏ တီထွင်ဖန်တီးမှု စွမ်းရည်များပြသရန်၊ တက္ကသိုလ်၏ ရှေ့နှစ် ၁၀၀ မျှော်မှန်းချက်ချမှတ်ရန်စသည့် ရည်ရွယ်ချက်များဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်