သာစည် အောက်တိုဘာ ၁
မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုများကို အောက်တိုဘာ ၁ ရက်နံနက် ၁၁ နာရီခွဲက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် အတွင်းရေးမှူး ဦးအောင်ကျော်စိုးတို့နှင့်အတူ သာစည်မြို့အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်တို့၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိရာနေရာများသို့ သွားရောက်ကာမဲဆန္ဒရှင်များ မဲစာရင်းကြည့်ရှုနေမှုများကို ကြည့်ရှုအားပေးပြီး ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ တွေ့ကြုံရသည့် အခက်အခဲများကိုမေးမြန်းပြီး အခက်အခဲများအဆင်ပြေစေရေးတို့အတွက် မြို့နယ်တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်၌ မြို့ပေါ် (၇) ရပ်ကွက်နှင့်ကျေးရွာပေါင်း ၂၄၉ ရွာတို့တွင် မဲရုံပေါင်း ၂၁၀ ရှိပြီး မဲဆန္ဒရှင် ၁၅၂၄၃၁ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)