တောင်ကြီး အောက်တိုဘာ ၁
ရှမ်းပြည်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် (၉) နာရီခွဲက တောင်ကြီးမြို့၊ လွယ်တော်ကျေးရွာအုပ်စု၊ နားဟစ်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ် လွယ်တော်ကျေးရွာအုပ်စု နားဟစ်ကျေးရွာရှိ ထီလိတ်ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်း၊ နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တောင်ကြီးမြို့နယ်၊ ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တောင်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးတွင် ပညာရေးကဏ္ဍ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးသည် အရေးကြီးပါကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် ကျန်းမာမှ လုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် လမ်းများကောင်းမွန်မှသာ ကုန်စည်ပို့ဆောင်ရေး၊ ခရီးသွားလာရေးကိစ္စရပ်များတွင် လွယ်ကူလျင်မြန် ချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် စိုက်ဧကအထွက်တိုးရေးနှင့် စျေးကွက်ရရှိရေးကိုလည်း စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများကလည်း စိုက်ပျိုးရေးတွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ရန်၊ သီးထပ်စိုက်ပျိုးရေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေရရှိရေးကိုလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နားဟောင်းရေကန်ကို ဆည်အဖြစ် ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာ ရေးနှင့်လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များရှိပါကတင်ပြကြရန် လိုအပ်ပါကြောင်း၊ တင်ပြချက်များအပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းပြီးလုပ်ငန်းများကို ဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တွေဆုံပွဲသို့ တက်ရောက်လာကြသည့် တောင်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံရပ်မိရပ်ဖများမှ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသလိုအပ်ချက်များတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဒေသခံပြည်သူများ၏ တင်ပြချက်များကို စိစစ်၍ ဦးစားပေးလုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများကိုလည်း မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ပြည်သူလူထုများကလည်း ဝိုင်းဝန်းပူးပေါင်းပေးမှသာ လုပ်ငန်းများ ပိုမိုအောင်မြင်မှုရရှိမည်ဖြစ်ပါကြောင်း၊ မြို့မိမြို့ဖများကလည်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံရန်လိုအပ်ပါကြောင်း ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးက ပအိုဝ်းဘာသာဖြင့် ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းများနှင့်စပ်လျဉ်း၍ပြန်လည် ရှင်းလင်းဖြေကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကနိဂုံးချုပ်စကားပြောကြားရာ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများကို ဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်မိရပ်ဖများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာရှိပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမှသာ လုပ်ငန်းများအောင်မြင်၍ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးတွင် ဒေသစိမ်းလန်းစိုပြည်သာယာလှပရေးကို ဆောင်ရွက်နေပြီး ဒေသခံပြည်သူများကလည်း မိမိကျေးရွာများ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးပေးကြရန်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ကျေးရွားများမှ တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်မိုင်းပျဥ်းကျေးရွာအုပ်စု ဆော်တောကျေးရွာအနီး ပျူဒင်္ဂါးကုမ္ပဏီလီမိတက် (အထူးဒေသ-၆ ပြောင်းလုပ်ငန်းနှင့် တောင်သူအကျိုးစီးပွားကာကွယ်ရေးအဖွဲ့)မှ ပြောင်းအခြောက်ခံစက်ရုံကိုလည်းကောင်း၊ နန်းဟောင်းကျေးရွာအုပ်စု နန်းဟောင်းကျေးရွာရှိ နန်းဟောင်းရေကန်ကိုလည်းကောင်း၊ နန်းဟူးကျေးရွာအုပ်စု၊ပလီလင်းကျေးရွာရှိ တောင်ကြီး-စလဲအတက်လမ်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြား၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)