မိုင်းယန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ စတင်ကပ်ထားကြေငြာ

မိုင်းယန်း အောက်တိုဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့နံနက် (၇)နာရီမှစတင်၍ မြို့ပေါ် (၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)စုရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာလျက်ရှိသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် ကျေးရွာခွဲရုံးများတွင် ကပ်ထားကြေညာမှုအခြေအနေများအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များတို့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအလိုက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌  ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စု ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၆၅၆၇)ဦးရေရှိပြီး  မဲစာရင်းများ ကပ်ထားကြေညာပေးခြင်းကို (၃၀ - ၉ - ၂၀၂၅)ရက်နေ့မှ  (၁၃-၁၀-၂၀၂၅) ရက်နေ့အထိ နံနက်(၇) နာရီမှ ည(၉)နာရီအထိ၊ (၁၄)ရက်တိတိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ထွန်းထွန်းထူး