မိုင်းဆတ် အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့ နံနက် ၇ နာရီမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားရာနေရာများသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမောင်ချိုနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းလွင်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်တင်ဝင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက မဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများသည် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်ပါက ကန့်ကွက်ခြင်း ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း ဖြည့်စွက်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းထုတ်ပြန်ကြေညာသည့် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အတွင်း ပြင်ဆင်လျှောက်ထားနိုင်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)