အမရပူရမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှု ကွင်းဆင်းစစ်ဆေး

အမရပူရ အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားမှုကို စက်တင်ဘာလ ၃၀ ရက်နေ့နံနက် ၉ နာရီက အမရပူရခရိုင် လဝကဦးစီးမှူး ဦးမျိုးခိုင်နှင့် တာဝန်ရှိသူများက ကွင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မဲဆန္ဒရှင်စာရင်းများအား ပထမအကြိမ် ၁၄ ရက်ကြာ ကပ်ထားကြေငြာထားမှု၊ မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်မပါရှိပါက ပုံစံ ၃ ဖြင့် တောင်းဆိုထားမှု၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ ၄ ဖြင့် ကန့်ကွက်ထားရှိမှု၊ မဲဆန္ဒရှင် စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည်စသဖြင့် မှားယွင်းနေပါက ပုံစံ ၄(က)ဖြင့် ပြင်ဆင်ထားရှိမှု၊ အထက်ပါ ပုံစံများအားရပ်ကွက်/ကျေးရွာကော်မရှင်ခွဲများထံတွင် အခမဲ့(အခမဲ့) ထုတ်ယူထားမှုအခြေအနေများနှင့် ထုတ်ပေးသည့်ပုံစံများကို စနစ်တကျ မှတ်တမ်းထားရှိရေးတို့ကို ကွင်းဆင်းကြည့်ရှုမှာကြားခဲ့ကြောင်းသိရသည်။ အမရပူရမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၁ အုပ်စုရှိပြီး အသက်၁၈ နှစ်အထက် မဲဆန္ဒရှင် ၁၆၃၂၈၉ ဦးရှိကြောင်းနှင့် မဲရုံအရေအတွက် ၁၀၀ ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် လဝကဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။

စိုးသီဟ(အမရ)