ကျောက်ပန်းတောင်းမြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်အဖြစ် မဲစာရင်းကပ်ကြေညာ

ကျောက်ပန်းတောင်း အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ ပထမအကြိမ် ကပ်ထားကြေညာခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးတွင်စတင် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ(၃၀)ရက်နေ့ နံနက်(၁၀)နာရီက ဈေးကွက်သစ်ရပ်ကွက်နှင့် စံပြရပ်ကွက်ဓမ္မာရုံများတွင် မဲစာရင်းကပ်ထားမှုအခြေအနေအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာခြင်းကို(၃၀-၉-၂၀၂၅) ရက်နေ့မှ (၁၃-၁၀-၂၀၂၅) ရက်နေ့အထိ (၁၄)ရက်တိတိဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်ရန်အတွက် မိမိအမည်စာရင်း ပါဝင်ခြင်း ရှိ/မရှိ၊ အမည်စာရင်းပါဝင်ခြင်း မရှိသေးပါက မဲစာရင်း၌ အမည်စာရင်း ထည့်သွင်းပေးပါရန် မိမိကိုယ်တိုင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်ရုံးတွင် ပုံစံ(၃)များ ထုတ်ယူပြီးလိုအပ်သည်များ ဖြည့်သွင်းရေးသား တောင်ဆိုနိုင်ကြောင်းနှင့် မဲစာရင်း၌ ပါရှိသော အမည်၊ ကျား/မ၊ မွေးသက္ကရာဇ်၊ နိုင်ငံသားစိစစ်ရေးအမှတ်၊ မိဘအမည်၊ နေရပ်လိပ်စာများ ကွဲလွဲမှုရှိပါကလည်း ပုံစံ(၄-ဂ)တွင် လိုအပ်သည်များ ဖြည့်သွင်းပြင်ဆင်ခြင်း၊ မဲစာရင်းတွင်ပါရှိသော ပုဂ္ဂိုလ်တစ်ဦးဦးအားကန့်ကွက်လိုပါက ကန့်ကွက်လိုသူ ကိုယ်တိုင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်ရုံးတွင် ပုံစံ(၄)ထုတ်ယူ၍ လိုအပ်သည်များ ဖြည့်သွင်းရေးသား ကန့်ကွက်နိုင်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)