ကျောက်ပန်းတောင်း အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စက်တင်ဘာ(၂၉)ရက်နှင့် စက်တင်ဘာ(၃၀) ရက်နေ့များတွင် မိုးရွာသွန်းမှုများသဖြင့်၊ မြို့နယ်အတွင်း မြေသားရေကန်များ ရေပြည့်လျံလျက်ရှိသည့် နည်းတူ၊ ကြက်မောက်တောင် ရေလှောင်တမံ ရေပိုလွှဲမှ ရေထုတ်လွှတ်မှုများကြောင့် ကျောက်ပန်းတောင်း- မိတ္ထီလာကားလမ်းကိုင်းကျေးရွာအနီး မိုင်တိုင်(၅၁/၄)မှ မိုင်တိုင်(၅၄/၇)အတွင်း အလျား (၃) ဖာလုံခန့် ရေအမြင့်(၁)ပေကျော်ခန့် ကားလမ်းရေကျော်မှုများ ဖြစ်ပေါ်ခဲ့ရာ စက်တင်ဘာ (၃၀) ရက်နေ့ နံနက်(၉)နာရီမှစတင်၍ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကော်မတီအတွင်းရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များက ရေကြောင်းလမ်းပြခြင်း၊ ကားလမ်းရှင်ခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေကျော်ချောင်းရိုးများ ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ(၁+၁၀)ဦး အရန်မီးသတ်(၃)ဦး ပေါင်း၁၄ ဦးနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေကြောင်းလမ်းပြ ကူညီကယ်ဆယ်မှုများဆောင်ရွက်လျက်ရှိပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဆွေဝင်း၊ လမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကြင်တို့မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရပြီး ညနေ (၃:၄၀) နာရီတွင် ရေအနည်းငယ်ကျဆင်းသွားပြီဖြစ်၍ ယာဉ်အသွားအလာများ ပုံမှတ်အတိုင်းဖြတ်ကျော်မောင်းနှင်လျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)