ဒလမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

ဒလ အောက်တိုဘာ ၁

ရန်ကုန်တိုင်း​ဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက် နံနက် (၁၀:၀၀) နာရီအချိန်က ကမာကဆစ်ရပ်ကွက်၊ ဒလ-တွံတေးကားလမ်းမ‌‌ဘေးရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသိန်းလွင်‌ရွှေက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်းမှာ မီးလောင်မှုများ၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးအတွက်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုဖြစ်ပွားလာပါက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်ပစ္စည်းကိရိယာများဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျမီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပြုလုပ်နိုင်ရန်ရည်ရွယ်၍သင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ရဲမှူးဇော်မျိုးထွန်းက ယခုသင်တန်းမှပို့ချသည့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးအတွက် စာတွေ့၊ လက်တွေ့သင်တန်းများကို စနစ်တကျသင်ကြားပြီး မီးလောင်မှုများ၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရွှေလှိုင်က သင်တန်းနှင့်ပတ်သက်သော လိုအပ်သည်များကို ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဒလမြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်ကျေးရွာအုပ်စုများနှင့်  ပူးပေါင်းဖွင့်လှစ်ပြီး သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ စက်တင်ဘာလ (၂၉) ရက်နေ့မှ အောက်တိုဘာလ (၁၀)ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)