သာစည် စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ မှစတင်၍ ကပ်ထားကြေညာထားရှိရာ ယနေ့နံနက် ၁၁ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာခြင်းတို့အား စက်တင်ဘာ ၃၀ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ၁၄ရက်ကြာ ကပ်ထားကြေညာသွားမည်ဖြစ်ပြီး အဆိုပါကပ်ထားကြေညာထားရှိရာနေရာများဖြစ်သည့် အမှတ်(၁)ရပ်ကွက်၊အမှတ်(၅)ရပ်ကွက်နှင့်လှိုင်းတက်ကျေးရွာအုပ်စုတို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးတို့ သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက် ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း တို့ကိုဆောင်ရွက်နိုင်ကြောင်း လာရောက်ကြည့်ရှု ကြသည့် မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေးရှင်းလင်းပြောကြားသည်။
သာစည်မြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၀)၊ ကျေးရွာပေါင်း(၂၄၉)ရွာရှိရာ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူ(၁၅၂၄၃၁)ဦးရှိပြီး မဲရုံပေါင်း(၂၁၀) လျာထား ဆောင်ရွက် ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ ဦးစီးအရာရှိထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်