ကျောက်ဆည်မြို့နယ်၌ ရေတိုက်စားပျက်စီးသွားသည့် မြောင်းကူးတံတားအားပြန်လည်ပြုပြင်

ကျောက်ဆည် စက်တင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေပေး မြောင်းများနှင့် မြောင်းများပေါ်ရှိ ကုန်ထုတ်တံတားများအား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် လွန်ကျော်-သံရွာ ကျေးရွာအနီး ရေတိုက်စားပျက်စီးခဲ့သည့် မြောင်းကူး တံတားအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါတံတားသည် ကျောက်ဆည်မြို့နယ် လွန်ကျော်ကျေးရွာနှင့် သံရွာကျေးရွာအနီး နောင်ခမ်းမြောင်း၏ ပေတိုင်အမှတ်(၁၂၀၀၀)နေရာ၌ တည်ရှိသည့် ကုန်ထုတ်တံတားတစ်စင်းဖြစ်ကြောင်း၊ မိုးရွာသွန်းမှု များပြီး ရေတိုက်စားမှုကြောင့် ကမ်းထိန်းနံရံများ၊ တံတားကြမ်းခင်းနှင့် လက်ရန်းများ ပြိုကျပျက်စီးသွားသော ကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရန်နှင့်တောင်သူများ၏ လယ်ယာလုပ်ငန်းများနှင့် ထွက်ကုန်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့နိုင်ရေး မန္တလေးတိုင်းဒေသကြီး  ရန်ပုံငွေ ကျပ်သန်း ၁၂၀ ခန့်အကုန်အကျခံကာ ပြန်လည်ပြုပြင် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တံတားပြန်လည်ပြုပြင်ပေးခြင်းဖြင့် လွန်ကျော်ကျေးရွာနှင့်သံရွာကျေးရွာအနီးပန်ဝန်းကျင် ကျေးရွာများရှိ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုဘဝဖွံ့ဖြိုးရေးကဏ္ဍများနှင့် လယ်ယာထွက်ကုန်လုပ်ငန်းများ သယ်ယူပို့ဆောင်ရာ၌ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်