ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း သင်္ဃန်းကျွန်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် စက်တင်ဘာ ၂၇ ရက်နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးတစ်လျှောက် (မင်းရဲကျော်စွာ မီးရထားဂုံးကျော်တံတားမှ စံပြဈေး (ငမိုးရိပ်) အထိ) (လမ်းလယ်)၌ လမ်းမီးဓာတ်အားလိုင်း (၂.၂၃)မိုင် တည်ဆောက်ခြင်းလုပ်ငန်းတွင် Survey တိုင်းတာခြင်း၊ Cable ချမြှုပ်ရန် လမ်းသားခွဲခြင်း၊ အချင်း (50/70)mm ရှိသော Corrugated Pipe ချမြှုပ်ခြင်း၊ Cable ချမြှုပ်ခြင်း၊ Anchor Bolt ကွန်ကရစ် FOOTING တုံးချမြှုပ်ရန် ကျင်းတူးခြင်း၊ လမ်းမီး 10m GI Pole များ (Double Arm/ Triple Arm) စိုက်ထူခြင်းနှင့် 150W LED မီးလုံးများတပ်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လမ်းသားများခွဲရာတွင် စနစ်တကျဆောင်ရွက်ရန်စသည်တို့ကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် သာကေတမြို့နယ်၊ သန်လျင်တံတား ချဉ်းကပ်လမ်းတွင် သန့်ရှင်းသာယာလှပရေးအတွက် စက်ယန္တရားများဖြင့် အမှိုက်များနှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုအားလည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီးတစ်လျှောက် အမှတ်(၄)လမ်းမကြီးနှင့် စက်မှုဒေသလမ်းထောင့်၊ အမှတ်(၄)လမ်းမကြီးနှင့် တော်ဝင်လမ်းထောင့်နှင့် အမှတ်(၄)လမ်းမကြီးနှင့် အာဇာနည်လမ်းထောင့်တို့ရှိ လမ်းနယ်နှင့်လွတ်ကင်းရာတွင် ဓာတ်အားလိုင်းနှင့် ဓာတ်အားတိုင်များ အသစ်တည်ဆောက်ခြင်း၊ လမ်းနယ်တွင် ကျရောက်နေသော ဓာတ်အားလိုင်းနှင့် ဓာတ်အားတိုင်များအား ဖယ်ရှားခြင်း၊ လမ်းမီးဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ ဆက်သွယ်ရေးကြိုးများတပ်ဆင်ခြင်းနှင့် စက်ယန္တရားများဖြင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီးတစ်လျှောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် လိပ်ပုတ်ချောင်းတံတားတွင် စက်ယန္တရားများဖြင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းနှင့်မလွတ်ကင်းသည့် လမ်းမီးတိုင်များအား အမြန်ဆုံး စနစ်တကျရှင်းလင်းဆောင်ရွက်ရန်၊ ဆက်သွယ်ရေးကြိုးများအား စနစ်တကျတပ်ဆင်ဆောင်ရွက်ရန်၊ လမ်းဘေးဝဲ/ယာ ရေမြောင်းတစ်လျှောက် အမှိုက်၊ နုန်းများ ဆယ်ယူရှင်းလင်းရန်၊ မြက်ပင်ချုံနွယ်များ ရှင်းလင်းရန်၊ သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လမ်းနယ်နိမိတ်များမှန်ကန်စေရေး မြေပုံ၊ မြေပြင်စနစ်တကျ တိုက်ဆိုင်စစ်ဆေးရန် စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)